အားအမြန်သွင်းနည်းပညာပါဝင်ပြီး၊ Macbook တွေကိုပါ အားသွင်းနိုင်တဲ့ Mi Power Bank Pro ကို Xiaomi စတင်ဖြန့်ချိ - MEMORY

Breaking

Wednesday, March 9, 2016

အားအမြန်သွင်းနည်းပညာပါဝင်ပြီး၊ Macbook တွေကိုပါ အားသွင်းနိုင်တဲ့ Mi Power Bank Pro ကို Xiaomi စတင်ဖြန့်ချိ


အာရှဈေးကွက်တင်မကဘဲ၊ ကမ္ဘာ့ဈေးကွက်မှာပါ နာမည်ရလာတဲ့ Xiaomi ကုမ္ပဏီဟာ USB-Type C အပေါက် ပါဝင်တဲ့ Power Bank အမျိုးအစားအသစ်တစ်မျိုးကို တရုတ်နိုင်ငံမှာ ထပ်မံဖြန့်ချိ လိုက်ပြန်ပါတယ်။

Mi Power Bank Pro ဟာဈေးနှုန်းအားဖြင့်၊ ၁၄၉ ယွမ် (မြန်မာငွေ ၂၇၀၀၀ ခန့်) သာရှိပြီး၊ တခြား Mi Power Bank တွေလိုပဲ၊ အလူမီနီယမ်ကိုယ်ထည်နဲ့ပဲ ဖြစ်ပါတယ်။ USB Type-C ခေါင်းပါဝင်တာကြောင့်၊ Apple Macbook တွေကော၊ Mi 5 ဖုန်းလို တခြား Type-C အပေါက်သုံး နောက်ဆုံးပေါ်နည်းပညာ ပစ္စည်းတွေကိုပါ ဒီ Power bank နဲ့ အားသွင်းနိုင်ပါတယ်။

ဘက်ထရီပမာဏ 10000mAh အထိ သိုလှောင်ထားနိုင်ပြီး၊ အပူချိန်ကာကွယ်မှု၊ reset ကာကွယ်မှုတွေ အပြင်၊ အမေရိကန်ကုမ္ပဏီ Texas Insturements က ထုတ်လုပ်ပေးထားတဲ့ ဆားကစ် ကာကွယ်မှုနဲ့ ချစ်ပ်ကာကွယ်မှုအစိတ်အပိုင်းတွေ ပါဝင်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ အကြမ်းခံ Power Bank တစ်လုံးဖြစ်ပါတယ်။

USB Type-A ခေါင်းနဲ့၊ micro-USB ခေါင်း တစ်ဖက်စီပါဝင်တဲ့ ကေဘယ်ကြိုးတစ်ကြိုးလည်း ပါဝင်ပြီး၊ ဒီ Power Bank ရဲ့ ထူးခြားချက်ကတော့ two-way အားအမြန်သွင်းနည်းပညာကို အသုံးပြုထားတာကြောင့် Power Bank ထဲ အားသွင်းတာကော၊ Power Bank ကနေ ဖုန်းထဲ အားပြန်သွင်းတာမှာပါ သိသိသာသာ မြန်ဆန်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ယခု Mi Power Bank Pro ဟာ Xiaomi ကုမ္ပဏီရဲ့ 10000mAh ဆံ့ တခြား power bank တွေနဲ့ယှဉ်ရင် ၄၂ ရာခိုင်နှုန်းလောက် ပိုပါးလျသွားပြီး၊ အလေးချိန်လည်း တော်တော်ပေါ့သွားပါတယ်။

Power Bank ကို ၁ နာရီ ၅၀ မိနစ်အတွင်းမှာ အားလုံးဝ မရှိရာကနေ အားအပြည့်သွင်းနိုင်ပြီး၊ ယခု Power Bank နဲ့ iPhone 6 ကို အားအပြည့် ခြောက်ခါ၊ Mi Note ဖုန်းကို ၂.၅ ခါ၊ နဲ့ iPad Mini ကို အားအပြည့် ၁.၅ ခါ သွင်းနိုင်တယ်လို့ သိရပါတယ်။
__________________________________________
source : digitaltimes| ref : gadgets360
Mar 10.2016 | http://www.mymemo.cf/2016/03/post339.html