အယောင်ဆောင် ကပ်ပါလာတဲ့ သရဲမ - MEMORY

Breaking

Friday, August 12, 2016

အယောင်ဆောင် ကပ်ပါလာတဲ့ သရဲမ

 

“ဒီနေ့ ကြေးဘယ်လိုပေါက်လဲ..”

လူမရောက်သေး စကားသံအရင်ကြားလို့ ထိုင်ပြီး အားကစားဂျာနယ်ဖတ်နေရာကနေ တစ်ချက်မော့ကြည့် ကာ စာရွက်တစ်ရွက်ထိုးပေးလိုက်သည်။

“အဲ့စာရွက်မှာအကုန်ပါတယ်..ကိုယ်ဟာကိုကြည့်..”

“ဟွန်း..ကြည့်ရဲပါဘူး…ရှက်စရာကြီး..”

“ဟေ့ကောင် လာတာနဲ့ပေါက်ကရမပြောနဲ့ စာရွက်ကိုကြည့်ခိုင်းတာ..”

“အေ့ပါကွာ..မင်းတို့ကလဲ ငါ့ဆိုပြောဖို့ကြီးပဲ..”

“မပြောလို့ရမလား မင်းက အညှီအဟောက်ဆို နွားမဒန်မှရူးရူးပေါက်သလိုပြောချင်နေတဲ့ကောင်ကို..”

တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ကျွန်တော်တို့ ဘော်ဒါတွေရဲ့ ညနေခင်း လက်ဖက်ရည်ဆိုင် ပန်ချီးကာလေးသည် အသက်ဝင်လို့နေ၏…

ဝုန်း………

“ဟ…တိုက်ကုန်ပြီ…”

“အောင်မလေး သေကုန်ပြီလားမသိဘူး…..”

“ဆိုင်ကယ်နဲ့ကားတိုက်တယ်ဟေ့….”

“ဟို..ကားမှားတာ….”

အော်သံဟစ်သံ ဆူညံသံများကြောင့် ကျွန်တော်တို့အဖွဲ့လည်း ကားတိုက်သည့်နေရာသို့ အပြေးရောက် သွားကြသည်…

“ဟာ..ကောင်မလေးက အလန်းလေးဟ…သနားစရာ…”

“မင်းကလည်း မျက်နှာကြီးဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ တနှာကထချင်နေသေး…”

“မင်းကသူ့ကိုသိလို့လား..”

“သိပ်အသိကြီးတော့မဟုတ်ပါဘူး ဟိုဘက်နှစ်လမ်းကျော်မှာနေတာ…”

ဒီကောင်ပြောလည်းပြောချင်စရာ မျက်နှာကရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း လှပတဲ့ အကွေး အညွှန့်များနဲ့ ရေးဆွဲထားတဲ့ သူမခန္ဓာကိုယ်လေးကိုကြည့်လိုက်တာနဲ့ လှတပတ ကောင်မလေး တစ်ယောက်ဖြစ်မှန်းသိနိုင်၏..

“ဟို သူတောင်းစာက သောက်ရမ်းမောင်းတာကို…”

“ရိုက်ကွာကြာတယ်...”

“ဟေ့ကောင်တွေမလုပ်နဲ့ လွန်းမယ်”

လူကြီးတစ်ယောက်အော်သံကြောင့် အားနေဆွမ်းကြီးဝိုင်းလောင်းဖို့ ဝါသနာပါတဲ့သူတွေ တိတ်သွားကြ သည်။ သွေးအိုင်ထဲတွင်လဲနေသည့်ကောင်မလေးကိုကြည့်ရင်း သနားဂရုဏာသက်နေကြသလို ကားကိုသောက်ရမ်းမောင်းတဲ့ သကောင့်သားကိုတော့ မေတ္တာတွေ အတုံးလိုက်အတစ်လိုက် ဝိုင်းပို့ကြလေ၏…

“ဟေ့..ဟေ့…ဒီအတိုင်းကြည့်မနေနဲ့ ဆေးရုံကားခေါ်ဆေးရုံပို့ရအောင်…”

“သေတောင်သေသွားပြီလားမသိ..”

“ဟိုမှ ရဲတွေရောက်လာပြီ..သွားမထိကြနဲ့ ဘေးဖယ်နေကြ….”

ရဲတွေရောက်လာပြီ ရဲလုပ်ငန်းလုပ်စရာရှိတာတွေလုပ်ပြီး ဆေးရုံကားနဲ့ အလောင်းကို ဆေးရုံ သယ်သွားတဲ့ အချိန်ထိ လူတွေကမစဲသေးဘဲ တစ်ယောက်တစ်ပေါက်ပွစိပွစိနဲ့ ပြောလို့မဆုံးသေး.. ကျွန်တော်တို့လည်း လက်ဖက်ရည်ဆိုင်ဆက်မထိုင်ချင်တော့တာနဲ့ လမ်းခွဲပြီး အိမ်ပြန်လာလိုက်ကြသည်။ သတိတစ်ချက် အလွတ်မှာ လူသားတစ်ဦး ဘဝစတေးသွားခဲ့ရပြီကော….

“မင်းတို့ကြားပြီးပြီလား…”

“ဘာလဲဟ မင်းဟာကအဆုံးမရှိအစမရှိနဲ့…”

“ဒီလိုလေကွာ ဟိုတလောကဆိုင်ကယ်တိုက်တဲ့နေရာမှ သရဲခြောက်လို့တဲ့…”

“ဟုတ်လို့လားကွာ မင်းဟာက…”

“ဟုတ်တယ်…ညဘက်ဆို ကောင်မလေးတစ်ယောက် အဲ့ဒီနေရာနားမှ လမ်းလျှောက်လျှောက်နေတာ တချို့လူတွေတွေ့တယ်တဲ့…”

“ဟာ..အဲ့နားက အိမ်ကတစ်ယောက်ယောက် လမ်းလျှောက်တာနေမှာပါကွာ.. လမ်းလျှောက်တာမြင်တာနဲ့သရဲဖြစ်ရောလား…”

“ငါပြောတာမဆုံးသေးဘူးလေကွာ..တွေ့တော့ တချို့က ညငှက်ထင်ပြီးသွားခေါ်တော့ စုတ်ပြတ်သက်နေတဲ့မျက်နှာကြီးနဲ့ လှည့်လှည့်ကြည့်တယ်တဲ့…”

“မင်းလည်းသတိထားဦး..”

“ငါကဘာလို့သတိထားရမှာလဲ…”

“ဟ..မင်းနေတဲ့နေရာကနေ ဒီလက်ဘတ်ရည်ဆိုင်ကို အဲ့နေရာကနေဖြတ်လာမှရတာလေကွာ…”

“ဟား…ဟား….ငါကတော့မယုံဘူး…တွေ့လည်းဘာဖြစ်လဲ ခေါ်လာလိုက်မယ်…သရဲမဆိုတော့…ဟဲ..ဟဲ…”
“ပေါက်ကရတွေပြောမနေနဲ့….ငါပြန်တော့မယ်နောက်နေ့မှတွေ့ကြမယ်…”

ဆက်ထိုင်ချင်စိတ်မရှိတာနဲ့ ဘော်ဒါတွေကိုနှုတ်ဆက်ပြီး အိမ်ကိုစောစောပြန်လာလိုက်သည်။ အိပ်တော့လည်း မျက်လုံးထဲမှာ ဆိုင်ကယ်တိုက်တဲ့ အဖြစ်အပျက်ကိုမြင်ယောင်နေမိ၏။
အဲ့တုန်းကမကြောက်ဘဲ ခုမှ ကြောက်စိတ်တွေကတဖွားဖွား...

“ဒီနေ့ ဟိုမျက်နှာရူးမလာသေးပါလား…”

“ခဏနေလာမှပေါ့..ဟော့ပြောရင်းဆိုရင်းလာပါပြီ..နောက်မှာလည်း ကောင်မလေးတစ်ယောက် တင်လို့ပါလား..ဘယ်တုန်းကဆော်ရသွားတာလဲမသိဘူး..”

သူရကပြောလို့ ကျွန်တော်လှမ်းကြည့်လိုက်တော့...

ဒီကောင့်ဆိုင်ကယ်နောက်မှာကောင်မလေးတစ်ယောက်ထိုင်နေသည်။ မှောင်နေတော့ မျက်နှာကိုသေချာ မမြင်ရ။ သကောင့်သားကဒီကိုတည်တည်မလာဘဲ လက်ဘတ်ရည်ဆိုင်နဲ့မျက်စောင်းထိုးက ကွမ်းယာဆိုင်မှာ ကွမ်းကဝင်ဝယ်နေသေး။ လက်ဖက်ရည် ကျစိမ့်ကိုမော့ပြီး ဆေးပေါ့လိပ်ဖွာကာ ဖတ်လက်စ စာအုပ်တစ်အုပ်ကို ဆက်ဖတ်နေလိုက်သည်..။

“မင်းတို့ရောက်နေတာကြာပြီလား…”

“နည်းနည်းတော့ကြာပြီ..မင်းကကစ်ပြီးပြီလား.ငါတို့ကိုတောင်မခေါ်ဘူး..”

“နေညိုတာနဲ့ လေပျို့တာမို့ ငါကိုယ်တော် ရွှေရည် နည်းနည်းကစ်လာတာပါ..ဟဲ…ဟဲ..”

“ဟေ့ကောင်စပ်ဖြီးဖြီးလုပ်မနေနဲ့..စောကမင်းနဲ့ပါလာတဲ့ကောင်မလေးကောဘယ်သူလဲ.. ဘယ်ရောက်သွားလဲ…”

“ဘယ်ကကောင်မလေးလဲ.. မပါ ပါဘူးကွ.ငါတစ်ယောက်တည်းလာတာပါ…”

ဒီကောင့်စကားကိုကြားတော့ ဖတ်နေတဲ့စာအုပ်ကိုပိတ်ပြီး

“ငါလည်းမြင်တယ်..လာဘတ်မနေနဲ့…”

“ဟာ..မင်းတို့ကလဲ တကယ်ပါဆို…”

ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ပြိုင်တူကြည့်မိလိုက်ကြသည်။ ဘာလဲဆိုတဲ့သဘောပေါ့.. ဒီကောင်ကတော့ သူဟာသူဘာတွေပြောနေမှန်းမသိ.။ ကျွန်တော်ကတော့ ကြက်သီးတွေက အလိုလိုထနေပြီး ဘေးနားမှာ တစ်ခုခုရောက်နေ သလိုလို.. တစ်ယောက်ယောက်ကကြည့်နေသလိုလို.. အပုပ်နံ့ပဲရသလိုလို.. စိတ်ကသိပ်မလုံချင်တော့..။ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာလား ဆိုပြီး ကျန်တဲ့သူတွေကိုကြည့်တော့ သူတို့မျက်နှာတွေမှာ မမေးဘဲ ကျွန်တော့လိုပဲခံစားနေရတာ သိသာနေသည်။ တစ်ယောက်ကို တစ်ယောက်စကားလဲမပြော.. ဟိုကြည့်ဒီကြည့်နဲ့.. ကိုယ့်ဆရာကတော့ တစ်ယောက်တည်းလွှတ်နေတာ…

“မင်းတို့ဘာဖြစ်နေတာလဲ ငါပြန်တော့မကွာ..”

“အေးအေးပြန်လေ..ကောင်းကောင်းလဲပြန်နော်..”

“ငါကကောင်းကောင်းမပြန်လို့ ကပြီးပြန်ရမှာလာ..သွားပြီကွာ…”

ပြောပြီးပြန်သွားတဲ့ ဒီကောင့်ကိုကြည့်ပြီးသက်ပြင်းချမိတယ်… တစ်ခုသတိထားမိတာက ဒီကောင်ပြန်သွား တာနဲ့ ကျွန်တော်တို့ထိုင်နေတဲ့ဝိုင်းလေးက ပုံမှန်ပြန်ဖြစ်သွားတာပဲ…

“သင်္ခ…သင်္ခ..ထ..ထ”

မိုးလင်းမယ်ကာမကြံသေးဘူး ခေါ်သံကြောင့် အိပ်ချင်မူးတူးနဲ့ကြည့်လိုက်တော့..

“ဘာလဲ သူရ ရာ အစောကြီးရှိသေးတယ်…”

“အစောကြီးတွေဘာတွေလုပ်မနေနဲ့ စံလင်းနိုင်တို့ အိမ်ကိုသွားမယ်..”

“ဘာဖြစ်လို့လဲ ဒီကောင်က ဆိုင်ကယ်မှောက်လို့လား..”

“ငါလည်း သေချာမသိဘူး.. သူ့အဖေကတော့ မနက်အစောကြီးပယောဂဆရာသွားပင့်တယ်တဲ့.. သူအမေက ငါတို့ကိုလာခဲ့ပါဦးဆိုပြီး ဖုန်းဆက်လို့…”

ကျွန်တော်လည်း မျက်နှာသစ် အဝတ်အစာလဲပြီး အဒေါ်ကိုပြော၍ သူရ နဲ့လိုက်လာလိုက်သည်။ စံလင်းနိုင် အိမ်ကိုရောက်တော့သူ့အမေကိုကြည့်ရတာမျက်နှာလည်းမကောင်းဘူး..။ ဘာတွေဖြစ်လို့ပါလိမ့်..

“အဒေါ် စံလင်း ဘာဖြစ်လို့လဲ..”

“မသိပါဘူး သားတို့ရယ်…တစ်ညလုံး ဘာတွေပြောမှန်လဲမသိဘူး ဝူးဝူးဝါးဝါးနဲ့..”

“ခုကောဘယ်လိုနေသေးလဲ..”

“ပရိတ်ရေတိုက်ထားတော့ နည်းနည်းငြိမ်နေတယ်.. သွားကြည့်လိုက်ပါဦး သားတို့သူငယ်ချင်းကို သူ့အခန်းထဲမှာ..”

“ဟုတ်ကဲ့ အဒေါ်..”

ပြောပြီး စံလင်း အခန်းထဲကိုသွားကြည့်လိုကတော့ ကိုယ့်ဆရာက အလွန်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့ အခန်းဒေါင့်မှ ငုတ်တုတ်လေး.. မျက်လုံးလေးကလည်း ကလယ်ကလယ်နဲ့… စိတ်နဲ့လူနဲ့လည်း ကပ်တဲ့ပုံ မပေါ်ဘူး..

“စံလင်း ဘာဖြစ်တာ ငါတို့ကိုပြော..”

“မင်း….မင်း….တို့….တို့…ရောက်လာကြပြီလာ…ငါ…ကြောက်တယ်…ငါ့ကိုကယ်ပါဦးကွာ……..”

“ဘာဖြစ်တာလဲ မင်းပြောမှ ငါတို့ဘာလုပ်ပေးရမယ်မှန်သိမှာပေါ့..”

“ငါ…ကို…သရဲမ သတ်မလို့လုပ်နေတယ်…… ဟိုမှာ….ဟိုမှာ….သရဲမ…သရဲမ……ကြောက်တယ်ကြောက်တယ်….”

“သူငယ်ချင်းသတိထားငါတို့ရှိတယ်..ဘာမှမရှိဘူး ..ဟုတ်ပြီလား…”

“မင်းဘာဖြစ်လာတာလဲ ငါတို့ကိုပြော…”

“ဟေ့.သရဲမ မရှိတော့ဘူးလား..”

“အေးမရှိတော့ဘူး”

“ငါ…ညက မင်းတို့ဆီမလာ….ခင် လမ်းထိပ်ကဆိုင်မှာ အရက်ဝင်သောက်တယ်…..ပြီး…ပြီး…တော့…”

“ပြီးတော့ဘာဖြစ်လဲ…”

“ပြီးတော့ မင်းတို့ဆီလာရင် ဆိုင်ကယ်တိုက်တဲ့နေရာလည်းရောက်ရော ဟိုနေ့ကမင်းတို့ပြောတာသတိရလို့ ဆိုင်ကယ်ရပ်ပြီး ဒီမှာရှိတယ်ဆိုတဲ့ မော်ဒယ်သရဲမလေး ပျင်းနေရင်ကိုယ်နဲ့လိုက်ခဲ့လို့ပြောလိုက်တယ်….”

“ဟာ….မင်းကလဲကွာ ဘာလို့ပြောရတာလဲ.. အဲ့လို..”

“ငါလဲအယုံအကြည်ကလည်းမရှိ မူးကလည်း မူးနေတော့ခေါ်ခဲ့လိုက်မိတာ.. ငါခေါ်တဲ့စကားလည်း ဆုံးရော ငါ့ဆိုင်ကယ်နောက်ကို လူတစ်ယောက်တက်လိုက်သလိုဖြစ်သွားတာ ငါသိလိုက်တယ်... ဒါပေမဲ့ အမူမဲ့အမှတ်မဲ့ပဲနေပြီး မင်းတို့ဆီလာခဲ့တာ…”

“ဒါဆို ငါတို့မနေ့ညက မင်းဆိုင်ကယ်နောက်မှတွေ့လိုက်တာက…”

“အေးဟုတ်တယ်..သူပဲ….”

“ဟေ…..”

“အဲ့အထိ ဘာမှမဖြစ်သေးဘူး.. ငါအိမ်ပြန်လာတော့ လမ်းမှာခွေးတွေက ငါကိုကြည့်ပြီးတော့ကို ထိုးအောင်တာ.. ငါ့စိတ်ထဲမှာလည်း ဆိုင်ကယ်နောက်မှာ တစ်ခုခုပါလာတယ်ဆိုတာသိတယ်.. ဘာလုပ်ရမယ်မှန်း မသိလို့ ဒီအတိုင်းပြန်လာပြီး အိပ်နေလိုက်တာ..ငါ….ကို အဲ့သရဲမက လည်ပင်းညှစ်တော့တာပဲ…

ရုပ်ကြီးကလည်း ဆိုင်ကယ်တိုက်တဲ့နေ့ကအတိုင်းပဲ သွေးတွေနဲ့ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့ကွာ…. ငါ့အော်သံကြားလို့ အမေရောက်လာပြီး ပရိတ်ရေနဲ့ ပက်လိုက်မှပျောက်သွားတာ…”

“ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ…”

“သူ…သူ….ရှိနေတယ်..  ဒီအခန်းထဲမှာ ငါသိနေတယ်… တစ်ချက်တစ်ချက်ငါမြင်နေရတယ်…. ဆံပင်ဖားလျားနဲ့ ရုပ်ပျက်ဆင်းပျက်ကြီး…သွေးတွေသံတွေနဲ့..မျက်လုံးတစ်လုံးကအပြင်ကိုထွက်နေတယ်
…..ဟီး..ဟီး..ကယ်ပါဦးကွာ…”

ကျွန်တော်တို့လည်း ဘာလုပ်ရမယ်မှန်မသိ.. စံလင်းကအခန်းထဲမှာသရဲမရှိတယ်ဆိုတော့ ကျွန်တော်နဲ့ သူရ ကြက်သီးတွေထပြီး ရှိရှိသမျှအမွှေးတွေပါအကုန်ထောင်ကုန်တယ်..နောက်ခဏလောက်နေတော့ စံလင်းအဖေနဲ့ ပယောဂဆရာရောက်လာပြီ လုပ်စရာရှိတာတွေလုပ်ပြီ သရဲမကိုစခေါ်တော့တာပဲ…

“ဥုံ…………………..ငါဆရာအမိန့်နာခံ ဒီအိမ်မှာ နှောင့်ယှက်နေတဲ့ သရဲမ ခုငါ့ဆရာရှေ့ထွက်ခဲ့…..”

အိမ်အပြင်မှာကော ခြံအပြင်မှာပါ လူတွေကလည်း ဘာဖြစ်သလဲဆိုပြီး ဝိုင်းပြီး စပ်စုနေကြတာ ကြိတ်ကြိတ်တိုး….

“ဟီးးးးးဟီးးးးးးဟင့်….ဟင့်….”

လူကြားထဲမှာကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ဟီးဟီးဟားဟားနဲ့ သရဲမဝင်ပူးပါလေရော…

“ဟိတ် …သရဲမ ငါဆရာအမိန့်နာခံစမ်း.. နင်ဘယ်သူလဲ..ဘယ်ကလဲ..ဟိုတလောကဆိုင်ကယ်တိုက်သေတဲ့ကောင်မလေးလား…”

“မ…..ဟုတ်…..ဘူး……အဲ့….ကောင်မလေးက အဲ့နေရာမှာ….မရှိဘူး….ငါ….ကအဲ့မှာနေနေတာကြာပြီ……..”

“သြော်..နင်က အယောင်ဆောင်ပြီး ခြောက်လှန့်နေတာပေါ့..ခုပြန်.. ကိုယ်နေတဲ့နေရာကိုယ်ပြန်…”

“မ…..ပြန်…..ဘူး……..ငါ….ဒီ….မှာ……နေမှာ…..”

“ဒါနင်နေတဲ့နေရာမဟုတ်ဘူး... ဒီကလူတွေကိုအနှောင့်အယှက်မပေးနဲ့….”

“မ……ပြန်……ဘူး……ငါ….ကို…….ဟို…..ကောင်ခေါ်လာတာ……”

“ဟိတ်…ငါဆရာအမိန့်မနာခံရင် ငါ့မကြောင်းပြရသေးတာပေါ့..ကဲ့ကွာ..ကဲကွာ….”

ပြောပြောဆိုဆို ပယောဂဆရာက ကြိမ်လုံးနဲ့ဆော်တော့တာပါပဲ..သရဲမတော့မသိဘူး…ဘေးနားကကြည့်နေတဲ့သူတွေတောင်
ကော့ ကော့သွားတယ်…သရဲမကလဲမခေ…လုံးဝမပြန်ဘူးကြီးပဲ…

“သြော်..နင်ကခေါင်းမာနေတယ်ပေါ့ တွေ့ကြသေးတာပေါ့ကွာ…”

ပြောပြီး ဖယောင်တိုင်းတစ်တိုင်ကိုကိုင်ကာ ဘာတွေရွတ်ဘာတွေမန်းနေလဲမသိဘူး...ပြီးတော့ ဖယောင်တိုင်ကိုထွန်းတော့တာပဲ..ဖယောင်တိုင်ထွန်းတာနဲ့တပြိုင်နက်..

“အောင်မလေး…ပူ…တယ်…ပူ….တယ်….ငါသွားတော့မယ်…ငါကိုလွှတ်ပေး..ပူတယ်..ပူတယ်…..”

“နင်ကကောင်းကောင်းပြောလို့မှမရတာ..ငါ့အမိန့်ကို နာခံပြီး ငါပြောတာလုပ်ရင်လွှတ်ပေးမယ်…”

“နာ….ခံပါ….မယ်….လွှတ်ပေးပါတော့…..ပူလှပြီ…ဟီးးးးးဟီးးးးး”

“ဒါဆို ခု နင်ဝင်နေတဲ့ ကောင်မလေးကနေခွါပြီး ကိုယ့်နေရာကိုယ်ပြန် ဒီအိမ်ကိုလည်း လုံးဝအနှောင့်အယှက်မပေးနဲ့… ကိုယ်နေတဲ့နေရာမှလည်း အနှောင့်အယှက်မပေးနဲ့ ကြားလား…”

“မ….ပေးတော့…ပါ….ဘူး….လွှတ်ပေးပါတော့…”

“ငါတို့အလှူအတန်းလုပ်ပေးမယ်သာဓုခေါ်…”

“မ….ရဘူး….ခေါ်…..လို့….ငါ….ကျွတ်ဖို့…အချိန်မတန်သေးဘူး……ငါ…သွားတော့မယ်…..”

“သြော်…ဒုက္ခ..ဒုက္ခ….”

ပယောဂဆရာလည်း သရဲမ ကတိပေးတော့ လုပ်စရာရှိတာ ပြောစရာရှိတာပြောပြီး လွှတ်ပေး လိုက်တယ်.. နောက်တော့ အဲ့အိမ်မှာကော ဆိုင်ကယ်တိုက်တဲ့နားမှာပါ သရဲမခြောက်တော့ပါဘူး…
___________________________________________
credit to : သင်္ခ