မြန်မာနိုင်ငံတွင် အဝေးထိန်းစနစ်နှင့် အပျော်တမ်းလေယာဉ်မောင်းသူ ပိုမိုများပြားလာ - MEMORY

Breaking

Wednesday, March 8, 2017

မြန်မာနိုင်ငံတွင် အဝေးထိန်းစနစ်နှင့် အပျော်တမ်းလေယာဉ်မောင်းသူ ပိုမိုများပြားလာ




မြန်မာနိုင်ငံမှာ အဝေးထိန်းစနစ်နဲ့ အပျော်တမ်း လေယာဉ်မောင်းသူတွေ ပိုမို များပြားလာနေပါတယ်။

အပတ်စဉ် တနင်္ဂနွေရောက်ပြီဆိုရင် Drone လို့ခေါ်တဲ့ အဝေးထိန်းစနစ်နဲ့ လေယဉ်မောင်းမယ့်သူတွေဟာ ရန်ကုန်ရဲ့ တဖက်ကမ်းက သန်လျင်၊ သီလဝါဘက်ခြမ်းက ကားအသွားအလာရှင်းတဲ့ နေရာမှာ စုဝေးမောင်းနှင်လေ့ရှိပြီး တပတ်ထက် တပတ် ပိုများလာနေပါတယ်။

ဒီ ရီမွတ်ကွန်ထရိုးနဲ့ လေယာဉ်မောင်းတာကို ဝါသနာပါတဲ့ ဝါသနာအိုးတွေထဲမှာ ဆယ်ကျော်သက် လူငယ်တွေ ပါဝင်သလို လူကြီးပိုင်းတွေလည်း ပါဝင်ပါတယ်။



“ကိုယ့်လေယာဉ်လေး လေထဲ တက်သွားတဲ့နေ့ဆို အရမ်းကို ဖီလင်ဖြစ်နေတာ ညဘက် တခါ တွေးပြီး အိပ်မပျော်တဲ့ အရသာလေးတွေပေါ့။ နောက်တပတ် တနင်္ဂနွေနေ့ကျ အရမ်းပံချင်တယ်။ ဒီကိစ္စလေးကို အရမ်းလုပ်ချင်တယ်။ အရမ်းဖီလင်ဖြစ်တယ်” လို့ Freedom Flyer Club မှ ဦးမြလွင်ဦးက ပြောပါတယ်။

ဒီကစားနည်းကို စိတ်ဝင်စားတဲ့ လူတွေဟာလည်း တစထက်တစ များလာသလို အဖွဲ့အရေအတွက်ဟာ လည်း ပိုများပြားလာပါတယ်။ အခု Freedom Flyer အဖွဲ့မှာတင် အဖွဲ့ဝင်အရေအတွက်က ၅၀ လောက် ရှိပါတယ်။  ဒီလို စိတ်ဝင်စားတဲ့သူ များလာတဲ့အတွက် လေယာဉ်အမျိုးအစားတွေဟာလည်း ဈေးကွက်ထဲမှာ များပြားလာသလို ရောင်းချတဲ့သူတွေကလည်း များလာပါတယ်။



“အခု မြန်မာနိုင်ငံမှာ ကစားတဲ့လူတွေကတော့ အရင်ကထက်တော့ များလာပါတယ်။ ကျနော်တို့ဘက် ကတော့ လူတန်းစားမရွေး ကစားနိုင်အောင် ဈေးကို သက်သက်သာသာနဲ့ ကစားနိုင်အောင် အခု စီစဉ်နေ တယ်” လို့ Freedom Flyer Club မှ ဦးရဲမင်းထက်က ပြောပါတယ်။

တကယ်တော့ ဒီကစားနည်းဟာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ဖို့ အချိန်တခုပေးဖို့ လိုအပ်သလို မြင်တဲ့ အတိုင်းပါပဲ။ ကစားဖို့အတွက် ပြင်ဆင်ချိန် တခုလည်း လိုအပ်ပါတယ်။ ကိုစောမြင့်ကျော်အနေနဲ့လည်း သူ့ရဲ့ လေယာဉ်ကို ပျံသန်းဖို့အတွက် ပြင်ဆင်နေတာ ၁ နာရီကျော်နေပါပြီ။

“ပြင်ဆင်ရတာတော့ အိမ်က စလာကတည်းက ပြင်ဆင်ရတာ အများကြီးပဲ။ ဘက်ထရီချာဂျာတွေ ယူရတယ်။ ပျံဖို့လေယာဉ်တွေ၊ အိမ်မှာကျတော့ တစစီ ဖြုတ်ထားတာကိုး။ အဲဒါတွေကို ကားပေါ်တင်တဲ့ အထိ ပြီးရင် ပျံမောင်းဖို့ ဆင်ရတာ အစအဆုံးဆိုတော့ တော်တော်အလုပ်ရှုပ်တယ်” လို့ Freedom Flyer Club မှ ဦးစောမြင့်ကျော်က ပြောပါတယ်။

ဒီလို နာရီနဲ့ချီပြီး ပြင်ဆင်ခဲ့ပေမယ့် သူရဲ့ လေယာဉ်လေးကတော့ မိနစ်ပိုင်းလောက်ပဲ လေထဲမှာ ပျံသန်းနေခဲ့ပြီး မကြာခင်မှာပဲ မတော်တဆဖြစ်ကာ ပျက်ကျသွားခဲ့ပါတယ်။ ဒါကြောင့် ဒီကစားနည်း ကစားမယ်ဆိုရင် ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတရှိဖို့ လိုအပ်သလို မောင်းနှင် ပုံ မောင်းနှင်နည်းတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း အပျော်တမ်းအဖွဲ့တွေအနေနဲ့ လူသစ်တွေကို အခမဲ့ သင်ကြားပေးကြသလို တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေ ကို ဝေမျှပေးလေ့ရှိပါတယ်။ ဒီဝါသနာအိုးတွေကတော့ အခုလို စုပြီး မောင်းနှင်ရုံနဲ့ မကျေနပ်နိုင် ဘဲ  နိုင်ငံတော်ရဲ့ အကူအညီနဲ့ အားကစားနည်းတစ်ခု ဖြစ်လာဖို့အထိ မျှော်လင့်နေကြပါတယ်။

source: dvb