ဘုရားဂုဏ်တော် ဂါထာတော်တွေ မကြောက်တဲ့ ဘုန်းကြီး သရဲ - MEMORY

Breaking

Friday, March 25, 2016

ဘုရားဂုဏ်တော် ဂါထာတော်တွေ မကြောက်တဲ့ ဘုန်းကြီး သရဲ


ဘုန်းကြီး ပြိတ္တာနှင့် ဘုန်းကြီး လူထွက် ဆရာ ဓမ္မဒူတ ဒုတိယတွဲတွင် ဖတ်ရှုရသော ဖြစ်ရပ်တစ်ခု ကို ဖော်ပြပါမည်။ အင်းဝမြို့မှ ဦးပေါ အမည်ရှိ ကုန်သည်ကြီး တစ်ယောက်သည် လှေကြီး တစ်စင်းထောင်၍ ထန်းလျက်၊ ဇီးသီးခြောက်၊ ပဲ စသော အညာကုန်များ တင်၍ အောက်ပြည်အောက်ရွာ တွင် ရောင်းချ ပြီး အောက်ပြည်အောက်ရွာမှ ငါးပိ ငါးခြောက်များကို ပြန်တင်ကာ အညာတွင် ပြန်ရောင်းချခြင်းဖြင့် အသက်မွေးလျက်ရှိသည်။

ဦးပေါ သည် ရဟန်း လူထွက် စာတတ် တစ်ယောက်ဖြစ်သည်။ တစ်နေ့တွင် အညာကုန်များတင်၍ စုန်ချ လာရင်း ပုဂံမြို့အောက်နား အရောက်တွင် မိုးချုပ်သွားသဖြင့် လှေကို ကမ်းနှင့် မနီးမဝေးတွင်ကျောက်ချပြီး ညအိပ် ရပ်နားကြသည်။

လှေထိုးသားများ အိပ်သွားသော်လည်း ဦးပေါ မှာ ခေါင်းဆောင်လှေသူကြီး ပီပီ မအိပ်သေးဘဲ ပဲ့စင်ပေါ်တွင် ပရိတ်ရွတ် မေတ္တာပို့လျက် ရှိသည်။ ဝတ်တက် ဝတ်ကပ် အားလုံးပြီးမှ ဦးပေါ လည်း မှေးကနဲ တစ်ချက် အိပ်ပျော်သွားသည်။ အအိပ် အနေ နည်းသည့် အရွယ်ဖြစ်သဖြင့် နာရီပြန်နှစ်ချက်လောက်တွင် တရေးနိုး လာသည်။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
ဆေးလိပ်သောက်ချင်သဖြင့် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ပါးစပ်တွင် တပ်လိုက်ကာ သံတုံးလေးနှင့် မီးခတ်ကျောက်ကို ကိုင်ပြီး မီးခြစ် လိုက်သည်။ အဆင်မသင့်သဖြင့် လက်ထဲမှ သံတုံးလေးမှာ မြစ်ထဲ ကျသွား၏။ ဆေးလိပ်ကလည်း သောက်ချင်နေသဖြင့် လှေထိုးသား တစ်ယောက်ယောက်ကို နှိုးပြီး သံတုံး တောင်းရန် သတိရသော်လည်း မောမောနှင့် အိပ်ပျော်နေသော လှေထိုးသားကိုလည်း မနှိုးရက်သဖြင့် ကမ်းပေါ်သို့ မျက်စိကစားကြည့်လိုက်ရာ ခပ်လှမ်းလှမ်း တံငါတဲ တစ်တဲမှ မီးရောင်ထွက်နေ သည်ကို တွေ့ရ သဖြင့် ဆေးလိပ် မီးညှိရန် ကမ်းပေါ် အသာ တက်ခဲ့တော့သည်။

မီးရောင် ထွက်သောနေရာရောက်သောအခါတွင်ကား ဦးပေါခြေလှမ်းများ တုံ့ကနဲ ရပ်သွားပြီး ကြက်သီးမွှေးညှင်းများ ထသွားသည်။ အံ့သြ ထိတ်လန့် စရာကောင်းလှသဖြင့် ပြူးကျယ်သော မျက်လုံးနှင့် ဟ သွားသော ပါစပ်တို့ မှာ တော်တော်နှင့် ပုံမှန်ပြန်မဖြစ်။ မြင်လိုက်ရသောမြင်ကွင်းကား အမွှေးစုတ်ဖွားနှင့် ဆင်တစ်ကောင်၏ ပမာဏထက် ကြီးမားသော မဲမဲ လုံးလုံး ပြိတ္တာကြီး တစ်ကောင်သည် ဂဏန်းခေါ် ပုဇွန် လုံးကြီးများကို မီးဖုတ်ပြီး တစ်တောင် သာသာခန့်ပြဲသော ပါစပ်ကြီးအတွင်းသို့ ထည့်ကာ ထည့်ကာ အားရ ပါးရ စားနေသည်ကို တွေ့ရသောကြောင့်ပါတည်း။

ဦးပေါ သည် ကြောက်စိတ်ကို မနည်းပြန်၍ ထိန်းချုပ်ကာ မိမိ ရဖူးသော ဂုဏ်တော် ဂါထာတော်များကို ရွတ်ဖတ် သရဇ္ဈာယ် လိုက်သည်။ ထူးခြားသည်ကား ပြိတ္တာကြီးသည် ဦးပေါ ရွတ်နေသော ဂုဏ်တော် ဂါထာတော်များကို လုံးဝ ဂရုမစိုက်ခြင်းပါတည်း။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
ဦးပေါ ၏ ရွတ်ဖတ်သံကို ကြားသည်နှင့် ပြိတ္တာကြီးသည် သားကောင်ကိုတွေ့လိုက်ရသော ကျားပမာ ဦးပေါ ထံ တစ်လှမ်းချင်း တိုးလာ၏။ ဦးပေါနောက်ဆုတ်လျှင် ပြိတ္တာကြီး ရှေ့တိုးလာသည်။ ဦးပေါ ရပ်လျှင် ပြိတ္တာကြီး ကလည်း ရပ်သွားသည်။ ဂုဏ်တော် ဂါထာတော်ကိုပင် မကြောက်သော ပြိတ္တာများကို ယခု တစ်ခါသာ တွေ့ရဖူး၍ ဦးပေါ မှာ ဘာလုပ်ရမှန်း မသိအောင် ဇောချွေးပြန်နေသည်။

ခဏကြာသောအခါ မရွတ်မိဘဲ မေ့ကျန်နေသော သမ္ဗုဒ္ဓေဂါထာတော်ကြီးကို သတိရသွားသည်။ ရွတ်ဖို့ ကြံလိုက်သည်နှင့် ထူးခြားချက် တစ်ခုကို တွေ့ရသည်။ ပြိတ္တာကြီး ထံမှ မရွတ်နဲ့ ဟူသော အသံကြီး ကို ကြားလိုက်ရသောကြောင့်ပါတည်း။

ဦးပေါ ကား ပြိတ္တာကြီးကြောက်သော လက်နက်ကိုတွေ့သွားလေပြီ။ ဦပေါ သမ္ဗုဒ္ဓေဂါထာကို စ၍ ရွတ်သည်နှင့် ပြိတ္တာကြီးသည် နောက်သို့ လှည့်ကာ ပြေးတော့သည်။ ဦးပေါလည်း အားတက်သွားကာ သမ္ဗုဒ္ဓေဂါထာ ရွတ်ရင်း ပြိတ္တာကြီးနောက်သို့ လိုက်လေသည်။

လူ တစ်ခေါ်သာသာခန့် အရောက်တွင် ကျောင်းအိုကြီး တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ်သွား သည်ကို တွေ့ရသဖြင့် နေရာကို သေချာ မှတ်ထားကာ လှေရှိရာသို့ ပြန်ခဲ့သည်။ အပြန်ခရီးကျမှ သေချာ စုံစမ်းကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ လှေသားများကိုကား ကြောက်လန့်မှာ စိုးသဖြင့် ဖွင့်မပြောပေ။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
အောက်ပြည်မှ အပြန်တွင်ကား ပြိတ္တာကြီး ကိုတွေ့သောနေရာတွင် လှေကို ခဏရပ်ကာ လှေသား သုံးယောက်လောက်ကိုခေါ်ပြီး ပြိတ္တာကြီး ရှိရာ ကျောင်းအိုကြီး ဝင်းထဲသို့ ဝင်ကြည့်ကြသည်။

ကျောင်းဝင်းကြီးမှာ သီးပင် စားပင်များဖြင့် သာယာ လှပနေသည်ကို တွေ့ရသည်။ ကျောင်းကြီးမှာလည်း အကောင်းကြီး ရှိသေးသည်။ ပြုပြင်မှု သန့်ရှင်းမှု မရှိလို့သာ ဟောင်းနွမ်းနေခြင်းဖြစ်သည်။ ဘုန်းကြီးကျောင်းခြံဝင်း တစ်နေရာတွင်ကား ရေတွင်း တစ်တွင်းကို တွေ့ရသည်။ ရွာသူ ရွာသား  အချို့ ရေခပ်နေသည်ကို တွေ့ရသဖြင့် အနားသွားပြီး ရွာသား တစ်ယောက်ကိုမေးကြည့်ရသည်။

“မိတ်ဆွေ.. ဒီကျောင်းက ဘုန်းကြီး မရှိဘူး ထင်တယ် ...”

“သြော်.. ခင်ဗျားတို့က ဒီအရပ်က မဟုတ်ဘူး ထင်တယ်.. ဒါကြောင့် ဒီကျောင်း အကြောင်းကို လာမေးတာနေမှာ...”

“မဟုတ်ပါဘူး.. အင်းဝ ဘက်ကပါ.. ဟောဟိုက လှမ်းမြင်ရတဲ့ လှေကြီးက ခရီးသည်တွေပါ..”

“သိချင်ရင်လည်း ပြောရတာပေါ့.. ဒီကျောင်းက ပထမဆုံးထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ ပျံလွန်တော်မူ ပြီး မကျွတ်ဘဲ ဒီမှာ ပြိတ္တာလာဖြစ်နေတာ နှစ်အတော်ကြာပြီ။ ကျောင်းထိုင်ဘုန်းကြီး အသစ် တင်ရင်လည်း ဝမ်းလျှောပြီး ပျံလွန်အောင် လုပ်ပစ်တယ်.. နောက် တက်တဲ့ ကျောင်းထိုင်ဘုန်းကြီး သုံးပါးလောက် ပျံလွန်ပြီးတဲ့နောက်.. နောက်ထပ် ဘယ်ဘုန်းကြီးမှ ဒီကျောင်းမှာ ကျောင်း မထိုင်ရဲကြတော့ဘူး ..။ ဒါ့ကြောင့် အခု အချိန်ထိ ကျောင်းကြီးက ဒီလိုကြီးပဲဖြစ်နေတာ..”

“ကမ္မဝါ တို့ ပရိတ် တို့ ရွတ်ပြီးနှင်မထုတ်ကြဘူးလားဗျာ..”

“ကမ္မဝါ တို့ ပရိတ် တို့လောက်ကတော့ လုံးလုံးကို ဂရုမစိုက်တာဗျို့.. လာရွတ်တဲ့ ကိုယ်တော်တွေသာ သူက ခြောက်လွှတ်လိုက်လို့ ထွက်ပြေးကြရတယ်။ သူကတော့ ဒီအတိုင်းနေမြဲပဲ..”

အင်း ဟုတ်မှာဘဲ ငါ ပရိတ်တွေ ဂါထာတွေ ရွတ်တာတောင် ဂရုမစိုက်ဘဲ ပေရပ်နေသေးတာပဲ ဟု ဦးပေါ က ဆက်တွေးနေမိသည်။

ရွာသားက စကား တစ်ခွန်းကောက်မေးသည်။

“ဒါနဲ့ ခင်ဗျားတို့ ပယောဂလေး ဘာလေး သေချာ မကုတတ်ကြဘူးလားဗျာ..”

“ဘယ်သူ ဘာဖြစ်နေလို့လဲ..”

“ဒီရွာက သူကြီး သမီးပျိုလေးလေ.. တစ်ရက် ရေတွင်းမှာ တစ်ယောက်တည်း ရေခပ်နေတုန်း ပြိတ္တာကြီးက ကျောင်းပေါ်က ဆင်းလာပြီး မိန်းကလေးကို ပွေ့လိုက်သတဲ့.. မိန်းကလေးလည်း လန့်ပြီး တစ်ခါတည်း သတိလစ်သွားတာပဲ.. အိမ်ရောက်တော့ ရေမန်းတွေ ဘာတွေနဲ့ သတိရအောင် မနည်း မန်းမှုတ် ယူရတယ်..”

“သတိကော ပြန်ရရဲ့လား..”

“သတိတော့ပြန်ရပါရဲ့.. ဒါပေမယ့် စိတ် မကောင်းတော့ဘူး ရူးသွားတယ်.. ကိုယ်မှာ အဝတ်တောင်ကောင်းကောင်း မကပ်ဘူး..”

“အစားရော စားသေးလား..”

“စားလိုက်တာမှ အမဲ ဝမ်းတွင်းသား ချည်းပဲ.. တစ်ခါ စားရင်နှစ်ပိဿာချက်လောက် ကုန်တယ်..”

“ဒါဆိုရင် ဒီပြိတ္တာကြီးက ပူးကပ်ပြီး စားနေတာပဲဗျာ့.. သူ့မိဘတွေက ပယောဂ ဆရာတွေ ဘာတွေနဲ့ ဆေး မကုဘူးလား..”

“ကုတာလည်း ဆရာတော်တော် စုံသွားပြီဗျာ့.. တစ်ယောက်မှ မနိုင်ဘူး ထွက်ပြေးရတာချည်းပဲ..”

ရွာသား၏ စကားအဆုံးတွင် ဦးပေါက ပြိတ္တာကြီးကြောက်သော သမ္ဗုဒ္ဓေ ဂါထာကြီးကို သတိရလိုက်သဖြင့်

“ဒါဖြင့်လည်း ခင်ဗျားတို့ သူကြီးကို ပြောလိုက်ဗျာ.. အင်းဝက ပယောဂကုဆရာ တစ်ယောက်ရောက်နေ တယ်.. ကုကြည့်ချင်ရင် လာပင့်လို့.. ပြီးတော့.. မပျောက်ရင် တစ်ပြားမှပေးစရာ မလိုဘူး ဆိုတာပါ ပြော လိုက်ဗျာ..”
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
ထိုသို့ပြောပြီးသည်နှင့် ဦးပေါတို့ ဆရာတပည့်များ လှေသို့ပြန်သွားကြသည်။ နောက်တစ်နေ့ မနက်မှာပင် လှေရှိရာသို့ သူကြီး လွှတ်လိုက်သော နွားလှည်း တစ်စီးရောက်လာသဖြင့် ဦးပေါ က သတ္တိ ကောင်းသော လှေထိုးသား တစ်ယောက်ကို ခေါ်ကာ လိုက်သွားလေသည်။

ဦးပေါ.. သူကြီး အိမ်ပေါ် တက်လိုက်သည်နှင့် အိမ်နောက်ခန်းထဲမှ မလောက်လေး မလောက်စား ဆရာ ကို ခေါ်လာပြန်ပြီလား။ အားလုံး ချက်ချင်းသေသွားချင်သလား ဟူသော ကြိမ်းဝါးသံကြီးက မင်္ဂလာ ကင်းမဲ့စွာ ကြိုဆိုလိုက်သည်။

လူနာ မိန်းကလေးကို ပူးကပ်ပြီးပြောလိုက်သော ပြိတ္တာကြီး၏ အသံပါတည်း။ ရိုးရိုး ကုတ်ကုတ် ဟိတ်ဟန် မပါဘဲ လိုက်လာသော ဦးပေါကို တွေ့ရသည်နှင့် သူကြီးက အထင်သေးသွားဟန်တူသည်။ ထွက်လာသော စကားက-
“ဆရာနိုင်မယ် မထင်ရင်လည်း စောစောက ပြန်ပါဗျာ.. လူနာ အခြေအနေ ကတော့ စောစောကကြားတဲ့ အတိုင်းပါပဲ.. တော်ကြာ ကုပြီးမှ မနိုင်ရင် ဆရာ သိက္ခာကျမှာ စိုးလို့ ပြောတာပါ..”

“သူကြီးက ကျုပ်မှာဆေးအိတ်မပါလို့ အထင်သေးဟန် တူတယ်.. စောင့်ကြည့်ပါဦးဗျာ.. ကျုပ်ကလည်း ဒီ မကောင်းဆိုးဝါးရဲ့နိုင်ကွက်ကို တွေ့ထားလို့ လာကုတာပါ.. ဒီပြိတ္တာကြီးကို ကျုပ် ထုတ်လိုက်လို့ ထွက်သွား တဲ့အခါ နောက်ကနေ ခြောက်လှန့် ထုတ်ရအောင် အားကောင်းမောင်းသန်ယောက်ျား နှစ်ဆယ်ယောက်နဲ့ ဓားတွေ လှံတွေ လင်းကွင်းတွေ သံပုံးတွေ လိုချင်ပါတယ်.. ရနိုင်မယ် ဆိုရင် ဗျောက်အိုးတွေ ဘာတွေပါ ရရင် ပိုကောင်းမယ်.. ကျုပ်က ဒီကောင်ကြီးကို ရွာထဲမှာရော ကျောင်းမှာပါ မနေနိုင်အောင် လုပ်ပေးခဲ့မှာပါ..”

သူကြီးက ကိုယ့်ကိုကိုယ် တော်တော် အထင်ကြီးတဲ့ ဆရာပဲ ဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ဦးပေါ တောင်းဆိုသည့် အတိုင်း စီစဉ်ပေးလိုက်သည်။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
အားလုံးပြီးသည်နှင့်.. ဦးပေါ က ဘုရား ရှိခိုး ငါးပါးသီလ ဆောက်တည် လိုက်သည်။ ထိုအချိန်မှာပင် အခန်း ထဲက လူနာက သောင်းကျန်းနေလေပြီ.. ဒီ ဆရာကိုပြန်လွှတ် ငါ့အခန်းထဲ မလာစေနဲ့ ဟု အော်ဟစ်နေ သည်။ ဦးပေါ က ဒီကတည်းက သူ အနိုင်ရနေပြီဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်သည်။

စွမ်းနိုင်သမျှ ပို၍ စွမ်းရန် သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကိုလည်း ရေခွက်တွင် အခေါက်ခေါက် အခါခါ မန်းလိုက်သည်။

( ဂါထာ၏ အဓိပ္ပာယ်ကို နားလည်ပြီး မန်းလျှင် ပိုစွမ်းပါသည်။ ထိုကြောင့် အဓိပ္ပာယ် မသိသေးသူများ အတွက် ပါဠိနှင့် အဓိပ္ပာယ် တွဲဖက်၍ဖော်ပြလိုက်ပါသည် )

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ
ပဉ္စသတ သဟဿနိ နမာမိ သိရသာမဟံ
နှစ်ကျိပ်ရှစ်ဆူ (၂၈ ဆူ) ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ တစ်သောင်းနှစ်ထောင် ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်း ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း အကျွန်ုပ်သည် ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ
ဂင်္ဂါမြစ် အတွင်း၌ ရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ ကား ရေတွက် ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို လည်းကောင်း၊ ထို ဘုရားရှင် အားလုံးတို့၏ တရားတော်တို့ကို လည်းကောင်း၊ ထို ဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကို လည်းကောင်း အကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေကာ အန္တာရာယာပိ ဝိနဿန္တု အ သေသတော
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာတို့ကြောင့် ခပ်သိမ်းသောဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါး မက များပြားလှသည့် အန္တရာယ်ဟူသမျှတို့ အကြွင်းအကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန် သတည်း...။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
အားရအောင် မန်းပြီးသည်နှင့် ရေမန်းခွက်ကို ကိုင်ကာ သူကြီးနှင့် အတူ လူနာအား ထားသော အခန်းထဲသို့ ဝင်လိုက်ကြသည်။ အခန်းထဲ ဝင်လာသော ဦးပေါ ကို လူနာ မိန်းကလေးက မျက်လုံးကြီးပြူးပြီး အံကြိတ်ကာ ကြည့်နေလိုက်သည်မှာ ကြောက်တတ်သူဆိုလျှင် ကျောချမ်းစရာပင်ကောင်းလှ၏။

ဦးပေါ က မကြောက်မရွံ့ မျက်လုံးဆိုင်၍ သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲက ရွတ်ပြီး ပြန်စိုက်ကြည့်လိုက်ရာ လူနာ မှာ ဆက်လက် မကြည့်ရဲတော့ဘဲ မျက်နှာ လွှဲသွားတော့၏။ ထိုအခါကျမှ သူကြီးမှာ သူ့ဆရာ အတွက် အနည်းငယ် အားတက်လာ၏။

ထိုအချိန်မှာပင် ဦးပေါ က နောက်ဆုံး အားဖြည့်သည့်အနေဖြင့် သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို အခေါက် အနည်းငယ် ထပ်၍ ရွတ်လိုက်ရာ ဂါထာ မဆုံးမီမှာပင် မိန်းကလေးမှာ သူ့ ဖခင်ခြေရင်းတွင် ပုံလျက် လဲကျ သွားသည်။

ထိုအခါကျမှ ပူးကပ်နေသော မကောင်းဆိုးဝါး မဲမဲကြီးကို အခန်းထောင့်တွင် ထင်ထင်ရှားရှား တွေ့လိုက်ကြ ရသည်။ သမ္ဗုဒ္ဓေ သံကို မခံနိုင်သဖြင့် မိန်းကလေး ကိုယ်မှ ခွာထွက်သွားခြင်းဖြစ်သည်..။

ဦးပေါ က အချိန်ဆိုင်းမနေတော့ဘဲ မကောင်းဆိုးဝါးကြီးထံသို့ ရေမန်း လှမ်းပက်လိုက်ရာ မကောင်း ဆိုးဝါးကြီးမှာ ပွက်ပွက်ဆူနေသောရေနွေးဖြင့် အလောင်းခံလိုက်ရသောခွေးကဲ့သို့ ကြောက်မက်ဖွယ်ရာ အသံနက်ကြီးနှင့်အော်၍ ဆင်းပြေးတော့သည်။
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html
ထိုအခါ အသင့်စောင့်နေသော ရွာသားများက ဓားများ တုတ်များ လှံများဖြင့် ခုတ်ကြ ရိုက်ကြ ထိုးကြနှင့် နောက်မှ လိုက်ကြသည်။

သံပုံး လင်းကွင်းများကိုလည်းတီး၊ ဗျောက်အိုးများကိုလည်း ပြိုင်တူဖောက်ကြသဖြင့် ရွာထဲတွင် တိုက်ပွဲ တစ်ခု ကဲ့သို့ပင် ဖြစ်သွားသည်။ ခွေးများကလည်း လူများနှင့် အတူ အူကြ ဟောင်ကြနှင့် နောက်မှ တသီကြီး လိုက်သွားကြ၏။

ပြေးရင်း လွှားရင်းမှပင် မကောင်းဆိုးဝါးကြီးက ထန်းပင်လောက်ကြီးမြင့်သွားလိုက်၊ တစ်ခါတစ်ရံ ခေါင်း ကြီးပျောက်သွားလိုက်၊ တစ်ခါတစ်ရံ ခြေထောက်နှစ်ချောင်းလောက်သာ မြင်ရတော့သည်အထိ ကြီးသွား လိုက်နှင့် ခြောက်လှန့်ပြသေးသည်။

သို့သော် ရွာသားများကား လူအုပ်ကလည်းများသဖြင့် လုံးဝ မကြောက်ကြတော့..။ ရွာနှင့် အတော် ကြီးဝေးသော တောစပ် အထိရောက်အောင် မောင်းထုတ်လိုက်ကြလေသည်..။ မကောင်းဆိုးဝါးကြီး ထွက်သွားသဖြင့် မိန်းကလေးမှာ နွမ်းနယ် ပင်ပန်းသည်က လွဲ၍ ရောဂါအားလုံး ကင်းစင်လွင့်ပျောက် သွားတော့သည်။

ထိုအခါကျမှ သူကြီးတို့ ဇနီးမောင်နှံမှာ သမီးလေးမှာ ဆရာကယ်တဲ့ အသက်သာ ရှိပါတော့သည်ဟု ဆိုပြီး လွန်စွာကျေးဇူးတင်လှသဖြင့် ငွေသား စစ်စစ်သုံး ပိဿာကို ကလပ်နှင့် တင်ကာ သမီးကို ဦးပေါ အား ကန်တော့စေသည်။

ထိုအခါကျမှ ဦးပေါ က သူသည် ပယောဂ ဆရာတစ်ယောက် မဟုတ်ဘဲ အရောင်းအဝယ်လုပ်သော ကုန်သည် တစ်ယောက်သာဖြစ်ကြောင်း၊ ပြီးခဲ့သည့်လ ကတည်းက ဤမကောင်းဆိုးဝါးကြီးကို မြစ်ကမ်းစပ်တွင် တွေ့ရသည့် အကြောင်း၊ မကောင်းဆိုးဝါးကြီးသည်.. သမ္ဗုဒ္ဓေဂါထာ မှတစ်ပါး ဘယ်ဂါထာကိုမျှ မကြောက်ကြောင်း၊ ထိုအချိန်မှာပင် သူကြီး၏ သမီးလေးကို မကောင်းဆိုးဝါးကြီးက ဖမ်းစားထားသည်ဟုကြားသဖြင့် စေတနာဖြင့် လာရောက်ကုသပေးခြင်းဖြစ်ကြောင်း ရှင်းပြပြီး အတန်တန် ကန်တော့သည်ကြားက လူနာရှင်များ စိတ်ချမ်းသာစေရန် ငွေသား တစ်ပိဿာကိုသာ လက်ခံလိုက်သည်။ လူနာကိုလည်း နောက်ထပ် မကောင်းဆိုးဝါးကြီး ထပ်နှောက်ယှက် မလာစေရန် သမ္ဗုဒ္ဓေဂါထာနှင့် မန်းပြီး လက်ဖွဲ့လုပ်ပေးခဲ့သည်..။

ရွာသူရွာသား အားလုံးကိုလည်း ညစဉ် အိပ်ယာဝင်ခါနီးတိုင်း သမ္ဗုဒ္ဓေ ဂါထာကြီးကို ရွတ်အိပ်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် နောက်ကျောင်းထိုင် ဘုန်းကြီးများကို ပြိတ္တာကြီးက လာပြီး ဒုက္ခမပေးစေရန် သမ္ဗုဒ္ဓေဂါထာဖြင့် မန်းထားသောရေများဖြင့် ကျောင်းတွင်းကျောင်းပြင် အားလုံးကို ပက်ဖြန်းပေးခဲ့လေ သည်။

ထိုမှာနောက်ကား မကောင်းဆိုးဝါးကြီးသည် ထိုရွာနှင့်ကျောင်းတို့တွင် ဘယ်သောအခါမှ လာရောက်နှောက်ယှက်ခြင်း မပြုတော့ပေ ...
__________________________________________
credit to : ဆရာလင်းနိုင် ...
Mar 25.2016 |  http://www.mymemo.cf/2016/03/post381.html