စက်သုံးဆီ အရောင်းဆိုင်တွင် ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား - MEMORY

Breaking

Wednesday, March 15, 2017

စက်သုံးဆီ အရောင်းဆိုင်တွင် ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား



သထုံ၊ မတ် ၁၅
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်း နံဘေး၊ မြို့အဝင် ရထား သံလမ်းကူးအနီးရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်တွင် မတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ဓာတ်ဆီရောင်းရန် ဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့အဝင် ရထားသံလမ်းကူး အနီးရှိ ဦးအေးဝင်း (ဘ) ဦးစိုးတိတ် ပိုင်ဆိုင်သည့် စက်သုံးဆီဆိုင်တွင် အဆိုပါနေ့၊ နေ့လယ် ၁ နာရီအချိန်ခန့်က ဆီအရောင်း တာဝန်ခံဖြစ်သူ သောင်းထိုက်မိုး ၃၆ နှစ် (ဘ) ဦးမောင်အေး သထုံမြို့နေသူမှ ဓာတ်ဆီရောင်းရန် (၆) ဂါလံဝင် အဝါရောင် ကော်ပုံးထဲမှ တစ်ဂါလံခွက်ထဲသို့ ဓာတ်ဆီလောင်းထည့်စဉ် ဆီ၊ လေနှင့် အပူရှိန်တို့ ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သထုံခရိုင် မီးသတ် တပ်ဖွဲ့မှ သိရသည်။



“ပုံးထဲက ဆီကိုရောင်းဖို့ ခွက်ထဲကို လှယ်ထည့်နေရင်းနဲ့ မီးထလောင်ပြီးတော့ ဆိုင်ထဲမှာရှိတဲ့ ဓာတ်ဆီတိုင်ကီတွေကို မီးကူးပြီး ထပေါက်တယ်။ ပြီးတော့ ဆိုင်အနားမှာရှိတဲ့ ကား ၂ စီးကိုပါ မီးလောင်သွားတယ် ဆိုင်က ဆီလှယ်တဲ့ အလုပ်သမားကိုတော့ ဥပဒေအရ အမှုဖွင့်ထားပါတယ်” ဟု သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။



မီးလောင်ရာ နေရာသို့ သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် ၆ စီးနှင့်အတူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သည့် သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့် မီးလောင်ပြီး မိနစ် ၃၀ ခန့် အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်တို့ ထိခိုက် ဆုံးရှုံးခြင်းမရှိဘဲ ဆီဆိုင်နှင့် ဆီဆိုင်အတွင်းရှိ ဆီတိုင်ကီ ၁၀ လုံးနှင့်အတူ ကား ၂ စီး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ဓာတ်ဆီအား ပေါ့ဆစွာကိုင်တွယ်အသုံးပြုသူ သောင်းထိုက်မိုးအား သထုံမြို့မရဲစခန်းမှ (ပ) ၃၆၄ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)